Saturday, September 01, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ပြောကြရအောင် (၁)



ပထမဦးစွာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခေါ်အဝေါ်များကို ရှင်းလင်းတင်ပြလိုပါသည်။ စာဖတ်သူများ အားလုံးသိရှိပြီး ဖြစ်သည့်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခု ရေးဆွဲပြဋ္ဌာန်းခဲ့ကြပါသည်။ အဆိုပါ ဥပဒေများမှာ အောက်ပါအတိုင်း ဖြစ်ကြပါသည် -
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၁၉၄၇ ခုနှစ်)
(၂) ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄ ခုနှစ်)
(၃) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)

အထက်ပါအချက်များကို ပြန်ပြောင်းပြောဆိုနေရခြင်းမှာ အကြောင်းရှိပါသည်။ ကျွန်တော်တို့လို သာမန်ပြည်သူများကို အသာထား၍ ပြည်သူ့ကိုယ်စားလှယ်များဟု ဆိုသူများပင်လျှင် လက်ရှိ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို အမည်နာမ မှန်ကန်စွာ မခေါ်ဆိုကြသောကြောင့် ဖြစ်ပါသည်။ Sky Net မှ ထုတ်လွှင့်ပြသသည့် လွှတ်တော်တွင်း ဆွေးနွေးမှုများကို ကြည့်ရှုနားထောင်ရင်း တစ်ခါတစ်ရံတွင် အချို့သော ကိုယ်စားလှယ်များက လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းပြောဆိုကြရာတွင် အမှားမှားအယွင်းယွင်း ပြောဆိုနေကြသည်ကို တွေ့မြင်နေရသောကြောင့် ဖြစ်ပါသည်။ စာဖတ်သူ၏ အမည်သည် မောင်မြဟု ဆိုပါစို့။ အခြားလူတစ်ဦးက သင့်အား မောင်လှဟု ခေါ်ဝေါ်ပြီး အမြဲတစေ ပြောဆိုဆက်ဆံနေပါလျှင် စာဖတ်သူ မည်သို့ ခံစားရမည်နည်း။ ထို့ပြင် စာဖတ်သူအနေဖြင့် မိမိအမည်ကို မှန်ကန်စွာ မခေါ်ဆိုနိုင်သည့် အဆိုပါပုဂ္ဂိုလ်အား မည်သို့ သဘောထားပါမည်နည်း။ ကျွန်တော်ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်အတွက်ပင် အမည်နာမဟူသည် ထိုမျှ အရေးကြီးလှပေရာ တစ်နိုင်ငံလုံးက၊ ပြည်သူအားလုံးက လေးစားလိုက်နာကြရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုလျှင် မည်သို့ရှိမည်ကို စဉ်းစားကြစေလိုခြင်း ဖြစ်ပါသည်။

လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်က ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ဖြစ်ပါသည်။ လွတ်လပ်ရေးရရှိရန်အတွက် သူ့ကျွန်ဘ၀တွင် ရေးဆွဲရသည့် ထိုအခြေခံဥပဒေတွင် သမ္မတ ဟူသော စကားရပ် မပါရှိသေးပါ။ ထို့ပြင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟု အသုံးပြုထားပါသည်။ အုပ်ချုပ်ပုံ ဟူသည့်စကားရပ် ထည့်သွင်းထားသည်ကို အလေးဂရုပြုကြစေလိုပါသည်။

တစ်ဖန် ၁၉၇၄ ခုနှစ်တွင် ရေးဆွဲခဲ့သော အခြေခံဥပဒေကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဟု အမည်ပေးခဲ့ကြပါသည်။ မူကြမ်းသုံးကြိမ်အထိ ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူကာ ရေးဆွဲခဲ့သည့် အဆိုပါအခြေခံဥပဒေတွင် ဆိုရှယ်လစ် ဟူသော စကားရပ်ကို ထည့်သွင်းထားသည်ကို တွေ့မြင်နိုင်ပါသည်။ ဆိုရှယ်လစ်လူ့ဘောင်သို့ ချီတက်မည်ဟု မျှော်မှန်းရေးဆွဲခဲ့သော အခြေခံဥပဒေဖြစ်သောကြောင့် ဖြစ်ပါသည်။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ) သည် ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းရန် စိတ်ရည်သန်ပြီးသကာလ နိုင်ငံတော်ရှေ့ဆက်သွားရမည့် မူဝါဒလမ်းစဉ် ၇ ရပ်ကို ကြေညာခဲ့ပါသည်။ ထိုအချိန်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီး ခင်ညွန့်က ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလမ်းစဉ် ၇ ရပ်တွင် ပထမအဆင့်မှ စတုတ္ထအဆင့်အထိသည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဦးတည်ခဲ့ခြင်း ဖြစ်ပါသည်။ ကျန်သည့်အဆင့်များကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများ ဖြစ်ကြပါသည်။ တပ်မတော်အစိုးရသည် လမ်းစဉ် ၇ ရပ်အတိုင်း ဆောင်ရွက်နိုင်ခဲ့ပြီး လက်ရှိကျင့်သုံးနေသည့် အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပေးနိုင်ခဲ့ပါသည်။ ထိုဥပဒေ၏ အမည်နာမမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဟူ၍ ဖြစ်ပါသည်။

အတော်အသင့် ရှင်းပြခဲ့ပြီး ဖြစ်သည့်အတွက် မြင်တွေ့ကြားသိနေရသည့် အမှားများကို ပြောပြလိုပါသည်။ ကိုယ်စားလှယ်အချို့က လွှတ်တော်တွင်း ဆွေးနွေးမှုများတွင် ပြောဆိုတတ်ကြသည့် အမှားအချို့ကို အောက်ပါအတိုင်း တွေ့ရှိရပါသည်။ အင်တာနက် စာမျက်နှာများပေါ်တွင်လည်း တွေ့ရတတ်ပါသည်။ ထို့ပြင် ဂျာနယ်များပေါ်တွင်လည်း ဖတ်ရှုရတတ်ပါသည်။ နာမည်ကြီး ပုဂ္ဂိုလ်များ၊ နိုင်ငံရေးသမားများနှင့် အင်တာဗျူးများတွင်လည်း ထိုအမှားများကို အသုံးပြုတတ်ကြပါသည်။ လေ့လာကြည့်ပါမည်။
  • ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈
  • ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
  • ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ
  • ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ၂၀၀၈


အထက်ပါသာဓကများသည် မှားယွင်းနေသော အခေါ်အဝေါ်များ ဖြစ်ကြသည်ဟု ကျွန်တော်ထင်ပါသည်။ ကျွန်တော်နှင့် ရင်းနှီးသည့် ဥပဒေပညာရှင် မိတ်ဆွေတစ်ဦးက Sky Net မှ လွှတ်တော်ဆွေးနွေးမှုများကို အတူကြည့်နေစဉ် ပြောကြားဖူးတာ ရှိပါသည်။ ကိုယ်စားလှယ်တွေကလည်းဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာဖြစ်လို့ ခုနှစ်တွေ ထည့်ပြောရတာလည်း မသိဘူးတဲ့။ ကျွန်တော်တို့မှာ တည်ဆဲကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တစ်ခုတည်းပဲ ရှိတယ်လေဗျာတဲ့။ အဲဒါကို မလိုအပ်ဘဲ ၂၀၀၈ တို့၊ ၂၀၀၈ ခုနှစ်တို့ ထည့်လိုက်တော့ နားထောင်ရတာ အဆင်မချောဘူးဗျတဲ့။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အဲဒီလို ခုနှစ်တွေ ထည့်ရေးထားတဲ့နေရာ တစ်နေရာမှ မရှိပါဘူးဗျာ၊ ပြီးတော့ ကိုယ်စားလှယ်တွေရဲ့ ကတိသစ္စာပြုချက်ထဲမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်နှခုနှစ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပါမယ်လို့ မရေးထားပါဘူးဗျာတဲ့။

ကျွန်တော်က ပြန်မေးမိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေက ၃ ခုတောင် ရှိခဲ့တော့ အဲဒါကို မမှားစေချင်လို့ ဖြစ်မှာပေါ့ဟု။ ကျွန်တော့်မိတ်ဆွေက ပြန်ဖြေပါသည်။ ကိုဉာဏ်ရေ ဖွဲ့စည်းပုံအခြေခံဥပဒေတွေက ခုနှစ်ထည့်ပြောစရာ မလိုပါဘူးဗျာ။ တစ်ခုနဲ့တစ်ခု အမည်တူနေတာ တစ်ခုမျှ မရှိပါဘူး၊ သေချာလည်း ပြန်လေ့လာကြည့်ပါဦးတဲ့။ ဟုတ်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၃ ခုဟာ အမည်နာမတွေ တစ်ခုမျှ တူညီနေတာ မရှိပါ။ သူ့သရုပ်သကန်နှင့်သူ၊ သူ့အဓိပ္ပါယ်နှင့်သူ ရှိနေကြသည်သာ ဖြစ်ပါသည်။ ကျွန်တော့်မိတ်ဆွေက ထပ်ပြောပါတယ်။ အခုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားတယ်ဆိုရင် လက်ရှိတည်ဆဲ အသက်ဝင်နေတဲ့ ခင်ဗျားတို့ပြောတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းတယ်ဆိုတာ လူတိုင်းသိပါတယ်ဗျာ၊ မကွန့်ကြပါနဲ့တဲ့။ ဟုတ်ကဲ့ မှတ်သားမိပါတယ်ခင်ဗျာ။

ကျွန်တော်တို့တွေအနေနဲ့ အခြေခံဥပဒေကို အလွယ်ခေါ်မယ်ဆိုရင်လည်း အခြေခံဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ခေါ်လို့ရပါတယ်။ ဒါပေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေလို့တော့ မခေါ်သင့်ဘူးထင်ပါရဲ့။ လက်ရှိကျွန်တော်တို့ရဲ့ အခြေခံဥပဒေအမည်မှာ အုပ်ချုပ်ပုံဆိုတဲ့ စကားလုံး မပါရှိပါဘူး။ ဒါတွေက အခြေခံဥပဒေရဲ့ အခေါ်အဝေါ်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သိနားလည်သမျှကို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။ ဒီလိုပြောတာတွေက အမှန်တွေပဲ၊ ဒီလိုမှမဟုတ်ရင် အမှားတွေပဲဟုလည်း ကျွန်တော်မပြောလိုပါ။ မြတ်ဗုဒ္ဓ၏ မိန့်မှာချက်ဖြစ်သည့် ၀ိဘဇ္ဇ၀ါဒဖြင့်သာ ချိန်ထိုးသုံးသပ် ဝေဖန်ဆင်ခြင်ကြရန် ဖြစ်ပါသည်။



ကျွန်တော်တို့၏ ဒီမိုကရေစီနိုင်ငံတော်သစ်သည် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် စတင်မွေးဖွားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်အာဏာတည်ခဲ့ပါသည်။ ဥပဒေပြုလွှတ်တော်များ စတင်အသက်ဝင်ခဲ့ပါသည်။ ဒီမိုကရေစီစနစ်ဆိုသည့် စည်းဝိုင်းအတွင်းသို့ စတင်ခြေလှမ်းချခဲ့သည့်နေ့ ဖြစ်ခဲ့ပါသည်။ ထိုအချက်များအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့်သာ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ပါသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုအချက်ကို မမေ့ကြစေလိုပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပေါ့ပေါ့တန်တန် သဘောမထားကြစေလိုပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေကို သိရှိနားလည်ပြီး လေးစားလိုက်နာသော နိုင်ငံ့သားကောင်းများ ဖြစ်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ စနေနေ့။
မွန်းလွဲ ၁ နာရီ ၄၃ မိနစ်တွင်ပြီး၏။

စာကြွင်း။ ယခုစာများကို ငါသိငါတတ်စိတ်ဖြင့် ရေးသားခြင်း မဟုတ်ကြောင်း ပြောလိုပါသည်။ မိမိသိထားသမျှကို အခြားသူများလည်း သိစိမ့်သောငှာ၊ ဝေဖန်စိမ့်သောငှာ ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ သို့မှလည်း မိမိနားလည်ထားသမျှတွင် အမှားများရှိပါက ဆင်ခြင်နိုင်မည်၊ ပြုပြင်နိုင်မည် ဖြစ်သောကြောင့် ဖြစ်ပါသည်။ ရေးသားမှုများတွင် အမှားအယွင်းများ ရှိနေပါမူ ကျွန်တော့်စေတနာများကို ထောက်ထားသောအားဖြင့် ဝေဖန်ထောက်ပြ ပြောဆိုကြစေလိုပါသည်။ တတ်သိပညာရှင် မဟုတ်သည့်အတွက် ချို့ယွင်းချက်များ၊ အမှားအယွင်းများ ရှိနေမည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ အခြားသော အကြောင်းအရာများကိုလည်း ဆက်လက်ရေးသား တင်ပြသွားပါမည်။

ဆက်စပ်ဖတ်ရှုရန်များ

3 comments:

  1. မောင်တောင်သူ10:54 PM

    တော်တော်မြန်ပါတယ်။တင်လိုက်တာ။ကျေးဇူးလည်းတင်ပါတယ်။စာအုပ်downloadရလို့လေ။အမှန်တိုင်းရေးရင် အခုမှ သေချာဖတ်ရမှာ ကိုဥာဏ်ရေ။

    ReplyDelete
  2. ဟုတ်ကဲ့၊ အဆင်ပြေတယ်လို့ သိရတဲ့အတွက် ၀မ်းသာပါတယ်။ အခြေခံဥပဒေကို ဖတ်ဖို့အတွက်တော့ အားပေးပါတယ်ခင်ဗျား။ နိုင်ငံသားတစ်ဦးအနေဖြင့် ကိုယ့်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်ရှုခြင်းသည် ဂုဏ်ယူဖွယ်ရာ အလုပ်တစ်ခုပင် ဖြစ်သည်ဟု ကျွန်တော်က ခံယူပါသည်။ အဲဒီအတွက် မောင်တောင်သူကို ဂုဏ်ယူကြောင်း ပြောလိုပါတယ်။ ဖတ်ရှုပြီး ဆွေးနွေးစရာ၊ ဝေမျှစရာများ ရှိခဲ့လျှင်လည်း ဤနေရာတွင် ပြောပြစေလိုပါသည်။ မြန်မာ့သွေးဘလော့ဂ်ကို ဖတ်ရှုခြင်းအတွက် ကျေးဇူးတင်ပါသည်။
    လေးစားစွာဖြင့်
    ကိုဉာဏ် (ပန်းလောင်မြေ)

    ReplyDelete
  3. မောင်တောင်သူ9:47 PM

    ကိုဉာဏ်ရေ ဖြစ်နိုင်ရင် graphic လေးနဲ့ တင်ပြစေချင်ပါတယ်။ဆိုလိုတာက ဘယ်သူ့အောက်မှာ ဘာရှိတယ်။ဘယ်လွှတ်တော်က ဘာလုပ်တယ် ဆိုတာလေးပေါ့။နားလည်လွယ်အောင်ပေါ့။ကျေးဇူးတင်ပါသည်။

    ReplyDelete

 
Web Statistics